Monday, January 16, 2012

expr:id='"post-" + data:post.id'>

သူတော်ကောင်းနှင့်ပေါင်းသင်း ဆင်းရဲကင်း

အခါတစ်ပါး၌မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အလွန် နှစ်သက်ဖွယ်သော အဆင်းရှိသော များစွာကုန်သော နတ်သားတို့သည် ညဥ့်ဦးယမ်လွန်ပြီးသော သန်းခေါင်းယမ် အချိန်၌ ဇေတဝန် တစ်ကျောင်းလုံးကို ကိုယ်ရောင် ကိုယ်ဝါဖြင့် ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်ကြကုန်၏။ ထို့တွင် နတ်သားခြောက်ဦးတို့သည် မြတ်စွာဘုရားအား တစ်ဂါထာစီဖြင့် လျှောက်၏။

1) ‘’သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် မြတ်၏၊ မယုတ်မာ။

2) ပညာကို ရနိုင်၏၊ အခြား (သူမိုက်) ထံမှ ပညာကို မရနိုင်။

3) ပူဆွေးသူတို့၏ အလယ်၌ မပူဆွေးရ။

4) ဆွေမျိုးတို့၏ အလယ်၌ တင့်တယ်၏။

5) သတ္တဝါတို့ သည် ကောင်းသော လားရာ (သုဂတိ) ဘဝသို့ ရောက်ရကုန်၏။

6) သတ္တဝါတို့ သည် အမြဲမပြတ် ချမ်းသာစွာ တည်နေရကုန်၏''ဟု (လျှောက်၏)။

ထိုတွင် နတ်သားတစ်ဦးသည် ''မြတ်စွာဘုရား အဘယ်သူ၏ စကားသည် ကောင်းစွာ ဆို အပ်သည် မည်ပါသနည်း''ဟု မြတ်စွာဘုရားအား လျှောက်၏၊ သင် နတ်သားအားလုံးတို့၏ စကားသည် အကြောင်းပရိယာယ်အားဖြင့် ကောင်းစွာ ဆိုအပ်၏၊ ထို့ပြင် ငါဘုရားစကားကိုလည်း နာကြ ကုန်လော့ -

''သူတော် ကောင်းတို့ နှင့် သာလျှင် ပေါင်း ဖော် ရာ၏၊ သူတော် ကောင်းတို့ နှင့် ပေါင်း ဖော်ခြင်း ကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် အလုံးစုံ သော ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်၏''ဟု မိန့်တော်မူ၏။

မြတ်စွာဘုရားဟောတော်မူသောတရားတော်ကို နတ်တို့သည် နှစ်သက်ကုန်သည်ဖြစ်၍ မြတ်စွာဘုရားအား ရှိခိုးပြီးလျှင် အရိုအသေ ပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်ကာ နတ်ပြည်သို့ပြန်ကုန်၏။

၁-သဗ္ဘိသုတ်၊၄-သတုလ္လပကာယိကဝဂ် ၊သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ သံယုတ္တနိကာယ်

No comments: